အခမဲ့ စာပေပွဲဈေး

ပွဲဈေး တဲ့ ။ ပွဲဈေးဆိုတဲ့အတိုင်းလူတွေအရမ်းစည်ကားတာပေါ့ ။ သာယာလှပသောနေ့တွေမှာ လူတွေကလည်း ဟိုသွားလိုက် ၊ဒီသွားလိုက်နဲ့ တကယ့်ကိုသာယာလှပနေပါဘိ ။ ဒီပွဲဈေးက ဘာအတွက်ပွဲလုပ်တာလဲ ? အဲဒီလိုမေးရင် ဖြေရမှာ ခက်တော့ခက်ပါ၏ ။ ဒီပွဲဈေးက လူတွေအားလုံးရဲ့ ဗဟုသုတရနိုင်စရာ ၊အပန်းဖြေစရာ ၊ ခံစားမှုတစ်စုံတရာရနိုင်စရာ နေရာဒေသလေးတစ်ခုပေါ့ ။ဒီပွဲဈေးကို ၂၄ နာရီဖွင့်ထားတယ် ၊ပြီးတော့ နေ့ရက်တိုင်းလိုလို ၀င်ကြည့်နိုင်တယ်။ ထူးခြားတာ တစ်ခုက အဲဒီပွဲဈေးမှာ ချခင်းထားတဲ့ အရာတွေအားလုံးကို လူတွေအကုန်လုံးက အခမဲ့ ရယူနိုင်ခွင့်ရှိတယ်။ အခမဲ့ ဆိုတဲ့စကားကြားရရင် လူတွေအားလုံးက ပေါ့ပျက်ပျက် နဲ့တွေးသွားတက်ကြတယ် ။ အခမဲ့ ဆိုတဲ့ နောက်ကွယ်မှာ တင်ဆက်ပြသသူတွေရဲ့ ခံစားမှုတွေ ၊ အချိန်ပေးရမှုတွေ ၊စေတနာတွေ ရှိနေပြန်တယ်ဆိုတာ မြင်တက်သောမျက်လုံးများရှိသူသာလျှင် မြင်နိုင်မှာပါ ။

ဒီလိုပွဲဈေးမျိုးတစ်ခါမှ မကြုံဖူးဘူး လို့ပြောကြမှာပါ ။ဟုတ်ပါတယ် ဒီပွဲဈေးလေးက သင့်ဘေးမှာ သင့်ရှေ့မှာပဲ ရှိနေပါတယ်။ အခု ပွဲဈေးမှာ သူ့အခန်းကဏ္ဍအလိုက်ဘာတွေကို ချခင်းပြထားသလဲဆိုရင် တချို့သော သူများက သူတို့ရဲ့ ရင်တွင်းဖြစ်ကဗျာများကို တည်ခင်းပြသကြတယ် ၊တချို့သောသူများကတော့ သူတို့ရဲ့ စိတ်ခံစားမှုတစ်စုံကို ထွက်ပေါက်တစ်ခုအနေနဲ့ ပြသကြတယ် ၊ တချို့သောသူများကတော့ ကိုယ့်ယုံကြည်ချက်တွေကို စာပေ ၊ဆောင်းပါးတွေနဲ့ ပြသကြနေလေရဲ့ ။ ထို့ကြောင့်အဲဒီ ပွဲဈေးကို နာမည်ပေး ကင်ပွန်းတပ်ရရင် "အခမဲ့စာပေပွဲဈေး "လို့ပဲပေးရပါလိမ့်မယ် ။

ဒီပွဲဈေးလေးထဲကိုဝင်ရောက်ဖို့ အတွက်နေရာတစ်နေရာကိုလည်း အခမဲ့ရယူနိုင်ပြန်တယ် ။ ဒီလိုပဲ ဒီပွဲဈေးလေးရဲ့ တင်ဆက်ပြသသူတွေမှာ ယုံကြည်ချက်တွေရှိတယ် ၊ မမြင်နိုင်တဲ့ စည်းလုံးညီညွတ်မှုတွေရှိတယ် ညီအစ်ကို မောင်နှမလို သူငယ်ချင်းမိတ်ဆွေလို ချစ်ခင်ရင်နှီးမှုတွေလည်းရှိတယ်၊ပြီးတော့ လာရောက်လည်ပတ်သူတွေအတွက် ဘယ်လို ရသတွေကို ပေးဆပ်ရမလဲ ဆိုတဲ့ စေတနာတွေလည်း ရှိနေပြန်တယ် ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီပွဲဈေးလေးထဲမှာ နေရာတစ်နေရာရရှိထားပါတယ် ။ ကျွန်တော်ဒီပွဲဈေးလေးထဲကို ၀င်ရောက်ပြီးကတည်းက ဒီပွဲဈေးလေးထဲမှာ ပျော်မွှေ့နေခဲ့တယ် ။ အခုထိလည်း ပျော်မွှေ့နေတုန်းပဲ ။ ဒီပွဲဈေးရဲ့ နေရာတစ်နေရာကို အခမဲ့ ရရှိထားပေမယ့် ကျွန်တော်အတိုင်းမသိ တန်ဖိုး ထားမိပါတယ် ။ ဒီပွဲဈေးရဲ့ နေရာတစ်နေရာကို ဖျာသိမ်းပြီး ပြန်ဖို့ အကြိမ်ကြိမ်လည်း စဉ်းစားမိတယ် ။ ဒါပေမယ့် အဲဒါတွေကို ကျွန်တော်မလုပ်နိုင်ခဲ့ဘူး ။ ဘာလို့လဲဆိုရင် ခံစားတက်တဲ့ နှလုံးသားတစ်စုံမှထွက်အန်ကျလာတဲ့ ခံစားမှုစာ တွေကိုမစွန့်လွှတ်နိုင်လို့ပါပဲ ။ ဒီပွဲဈေးလေးထဲကို လာရောက်လည်ပတ်ကြတဲ့ သူတွေရော ၊ တင်ဆက်ပြသသူတွေရော ၊ မလာဖြစ်တဲ့သူတွေရော ကျွန်တော့် အနေနဲ့ စကားလက်ဆောင်တစ်ခု ပါးချင်တာကတော့ .....

"မိတ်ဆွေ... ဒီ အခမဲ့ စာပေပွဲဈေး ကို အရောက်လှမ်းလာခဲ့ပါ ၊ ဒီပွဲဈေးထဲမှာ မမြင်နိုင်တဲ့ ညီညွတ်မှုတွေရှိတယ် ၊ ယုံကြည်ချက်တွေရှိတယ် ၊ အသံတိတ်ပေါက်ကွဲ သံစဉ်တွေလည်း ရှိတယ် ။"

(ဤစာများသည် ဒီလ ၃၁ ရက်နေ့တွင် ကျရောက်မည့် Blogger Day အတွက် ရည်ရွယ်ပြီး ရေးသားပါသည်။)

လှပနေဦးမယ့် အပြုံး


လူတစ်ယောက် ကျွန်တော့်ရှေ့မှာလာရပ်နေတယ် ။ပြီးတော့ သွားဖြဲပြပြီ ။ ဘာတုန်းဟပေါ့ ။ စိတ်ထဲမှာ ဘ၀င်မကျဖြစ်မိတယ် ။ နောက်လူတစ်ယောက်လာပြန်ပြီ အဲဒီလူလည်းကျွန်တော့်ရှေ့မှာလာရပ်ပြီး "ငါတော်တော် ၀ လာတာပဲ "တဲ့ ။ ဒီလိုနဲ့ပဲ တနေကုန် လူတွေက ကျွန်တော့်ကို လာကြည့်လိုက် ၊ ပြီးတော့ပြန်ထွက်သွားလိုက်နဲ့ အလုပ်ကိုရူပ်နေတာပဲ ။ ကျွန်တော်လည်းလူတွေရဲ့ ပုံစံမျိုးစုံကို ဒီနေ့မှစပြီးတွေ့ခွင့်ရတယ် ။ တနေကုန်ပြီး လူတွေရှင်းသွားမှ ကိုယ့်ကိုကိုယ် ဘာကောင်ဖြစ်နေပါလိမ့်လို့ ပြန်လည်တွေးတောမိတယ် ။ ကျွန်တော့်ပုံစံကတော့ ပြားပြားကပ်ကပ်လေးပါပဲ ။ ခေါင်းလည်း မရှိဘူး ၊ခြေတွေလက်တွေလည်း မရှိပြန်ဘူး ။ အဲဒီအခါကျမှ ကိုယ့်ကိုလူတွေ နာမည်ပေးကင်မွန်းတပ်ထားတာကို သွားသတိရမိတယ် ။ ကျွန်တော်ဟာ လူတွေအားလုံးရဲ့ ရုပ်ရည် ၊
ခန္ဓာကိုယ် အချိုးအစားကိုလိုက်ပြီး ပုံသဏ္ဍာန်ကို ဖော်ဆောင်ပေးရတဲ့ မှန် တစ်ချပ် ။

ကျွန်တော်တို့လို မှန် တွေဟာဘယ်အချိန် ၊ဘယ်ကာလ ကတည်းကတည်ရှိလာတာလဲဆိုတာကျွန်တော်မသိဘူး ။ ဘယ်အချိန်ထိဆက်လက်တည်ရှိနေနိုင်မယ်ဆိုတာလည်း ကျွန်တော်မသိပြန်ဘူး ။ သေချာတာ တစ်ခုကတော့ ကျွန်တော်အခု လူတွေအားလုံးမှာ ရှိတဲ့ပင်ကိုယ်အလှတွေကို ဖော်ထုတ်ပေးဖို့ပဲလေ ။ လူတွေရဲ့အပြင်ပန်းအလှကိုတော့ ကျွန်တော်တက်နိုင်သမျှ ဖော်ဆောင်နေတယ် ၊ဒါပေမယ့် သူတို့ရဲ့စိတ်အလှဆိုတာ ကိုတော့ကျွန်တော်မသိနိုင်ခဲ့ဘူး ။

"ကြည့်တက်တဲ့မျက်လုံးပါတဲ့သတ္တ၀ါတိုင်း မြင်တယ် ၊ ငါ့ကိုငါ ကြည့်ကောင်းပါလားလို့ ခံယူထားတဲ့သူတိုင်း ကျွန်တော့်ရှေ့မှာလာရပ်ရင် လှပနေကြလိမ့်မယ် "

ဈေးတစ်နေရာရဲ့အလည်ဗဟိုအချက်အချာနေရာမှာ မှန်ဖြစ်ရတာလည်းမစားသာပါဘူး ။ တစ်နေ့နဲ့ တစ်နေ့ရှေ့မှာဖြတ်သွားကြတဲ့ သူတွေကိုမလွတ်အောင်လိုက်ကြည့်ပေးနေရတာလည်း အလုပ်တစ်လုပ် ။ ဖြတ်သွားဖြတ်လာနဲ့ ကျွန်တော့်ကိုလာကြည့်ကြတဲ့ သူတွေထဲမှာ အ၀တ်အစားရောင်စုံဝတ်ထားတဲ့ အမျိုးသားများ ၊ အမျိုးသမီးများပေါ့ ။ အထူးသဖြင့်အမျိုးသမီးများကတော့ အကြည့်အများဆုံး ။ ကျွန်တော့်မှန်ကို လာကြည့်ကြတဲ့ သူတွေအကုန်လုံးကိုတော့ ကျွန်တော်မမှတ်မိဘူး ။ ဒါပေမယ့် ညနေလူရှင်းချိန်ဆို လာကြည့်တက်တဲ့ တစ်ယောက်သောသူကိုတော့ အမှတ်ရနေတယ် ။ သူက ညနေ နေ၀င်ကာနီး အချိန်ဆိုရောက်ရှိလာတက်တယ်။ သူ့မှာ ဖြောင့်စင်းနေတဲ့ ဆံနွယ်များ ၊ သွယ်လှသောမျက်နှာ ၊မထူမပါးလွန်းလှသော နူတ်ခမ်းတစ်စုံ ၊ နူးညံ့ဖြူဆွတ်တဲ့ အသားအရည်တို့ကိုလည်း ပိုင်ဆိုင်ထားတယ် ။ သူ့ကို လူအများစုက ခေါ်ကြတယ် "ကောင်မလေး "တဲ့။အဲဒီကောင်မလေးက ညနေဆို ရောက်ရှိလာပြီး ကျွန်တော်ကို လာကြည့်တယ် ပြီးတော့ အပြုံးပန်းတစ်ပွင့်ချွေချတယ် ။

"ကောင်မလေးရေ မင်းချွေချလိုက်တဲ့ အပြုံးပန်းတိုင်းကိုငါကောက်ခဲ့ပြီ ။ မင်းရဲ့အပြုံးပန်းများနဲ့ ငါ့ရဲ့ကမ္ဘာငယ်လေးဟာ လှပနေဦးမှာပါ ။"

ကောင်မလေးရဲ့ အပြုံးပန်းတွေက တကယ်ကိုကျယ်လောင်လွန်းလို့ ကျွန်တော်မကြားနိုင်တာလား ၊ဒါမှမဟုတ် တိုးတိတ်လွန်းလို့ မကြားနိုင်တာလား အဲဒါကိုကျွန်တော်ကိုယ်တိုင်မသိနိုင်ခဲ့ဘူး ။မင်းကမသိတာတွေပဲများနေတာပဲ လို့ပြောရင်လည်း ခံရုံပဲရှိပါတယ်။တကယ်တော့ကျွန်တော်ကိုယ်တိုင် မရင့်ကျက်သေးလို့ပါပဲ။သေချာတာတစ်ခုကတော့ သူမပြုံးတိုင်းတော့ မြင်နေရတယ် ။ တိတ်ဆိတ်အေးစက်လွန်းတဲ့ ရင်ခွင်တစ်ခုကို ကောင်မလေးရဲ့ အပြုံးတစ်ချက်နဲ့ တကယ်ကို တုန်လှုပ်စေနိုင်ခဲ့တယ်။

"ပြုံးတက်သလိုသာ ပြုံးလိုက်ပါ ။ဖန်တီးပြုံးတွေ မပြုံးဘူးဆိုတာကိုတော့ ငါယုံကြည်နေတယ်။"

စာမျက်နှာ နံပါတ် ၁၅၀၀

"လူသားတွေအားလုံးကို လူမှန်းသိတဲ့ အရွယ်ကစလို့ တစ်စုံတစ်ယောက်သောသူက အဖြူရောင်စာရွက် အလွတ်လေးတွေလိုက်ပေးနေသတဲ့ "

ကကြီး ခခွေး စပြီးရေးတတ်စကတည်းက အဲဒီစာမျက်နှာတွေစမြင်ဖူးခဲ့တာ ။ အဲတုန်းက ကျွန်တော်ကိုယ်တိုင်ရေးတဲ့ စာမျက်နှာတွေက တကယ့်ကိုဘာမှ မရှိတဲ့ စာမျက်နှာတွေပါပဲ ။ စာမျက်နှာတိုင်းမှာ ခေါင်းစဉ်လေးတွေလည်းပါတယ် အဲဒီခေါင်းစဉ်တပ်ပြီးသားစာမျက်နှာပေါ်မှာ ကျွန်တော့်ရဲ့လက်တစ်စုံကို အားပြုပြီးရေးရုံပါပဲ ။ စာရေး ၊စာဖတ်ပျင်းတဲ့ ကျွန်တော် ဖေဖေ၊မေမေ တို့ကို ရေးခိုင်းဖို့ စိတ်ကူးခဲ့သေးတယ် ။ ဒါပေမယ့် အဲဒီစာရွတ်လေးကပြောတယ်

"မင်းလက်တွေနဲ့ မင်းရဲ့ ကလောင်ကိုကိုင်ပြီး ရေး ၊ မင်းရေးလိုက်တဲ့ စာသားတိုင်းဟာ မင်းရဲ့ဖြစ်စဉ်တွေပဲ ။ အဲဒါကြောင့် ဘယ်သူ့လက်ကိုမှ အားကိုးပြီးရေးလို့ မရဘူး ။ မင်းနဲ့ နီးစပ်သူတွေဟာ မင်းရဲ့ကလောင်ကို မှင်ဖြည့်ဖို့လောက်ပဲ စွမ်းသာမှာ ။"

ဒီလိုနဲ့ပဲ ဘ၀ရဲ့ဖြစ်လာတဲ့ ဖြစ်စဉ်လေးတိုင်းကို အဲဒီစာရွတ်တွေပေါ်မှာ ချရေးဖြစ်ခဲ့တယ် ။ စာရွတ်လေးတွေပေါ်မှာ ရေးလိုက်တဲ့ စာသားတိုင်းဟာ လက်ရေးတွေက ၀ိုင်းတာတွေလည်း ပါရဲ့ ၊ တခါတလေတော့လည်း မညီမညာ လေးထောင့်လေးတွေလည်း ဖြစ်ချင်ဖြစ်ရဲ့ တခါတရံမှာတော့ လက်ရေးတွေက စုတ်ပြတ်သတ်နေလေရဲ့ ။ ဘ၀ရဲ့ အချိုးအကွေ့တိုင်းမှာ ရောင်စုံကလောင်တံမျိုးစုံကို ကိုင်ဆွဲပြီး ရေးခဲ့ရတယ် ။ လူအများလက်ခံနိုင်တဲ့ အပြာရောင်ကိုတော့ အရမ်းသုံးချင်ခဲ့တာပေါ့ ၊ ဒါပေမယ့် အနီရောင် ၊ ဘာမှ မမြင်ရပဲ အမှောင်ထုရဲ့ အတိတ်နိမိတ် အနက်ရောင်တွေကလည်း စာရွတ်လေးရဲ့ အလိုတော်ကျ လိုက်ရေးပေးခဲ့ရတယ် ။ ရေးပြီးသမျှအဖြုရောင်စာရွတ်ရင်ပြင်ပေါ်ကို ပြန်လှန်ကြည့်လိုက်ရင် ပျော်ရွှင်စရာတွေ ကြည်နူးစရာတွေလည်းပါတယ် ၊ ၀မ်းနည်းမှုတွေကို ရေးတဲ့ စာသားတွေလည်း ပါတယ် ၊အောင်မြင်မှုတွေပါတယ် ၊ကျဆုံးမှုတွေလည်း ပါခဲ့တယ်။ ဒါတွေအားလုံး ကကျွန်တော်လုပ်ခဲ့တဲ့ အရာတွေပဲလေ ပြန်ဖျက်ပြီး ပြင်ဖို့ကိုလည်း စာရွတ်လေးက ခွင့်မပေးခဲ့ပြန်ဘူး ။

"သတိ-- မရေးမိခင်က စဉ်းစားပါ ၊ခံစားပါ ။ "

အခုတစ်ခါ ကိုင်ရမဲ့ ကလောင်တံက ပန်းနုရောင် ကလောင်တံတဲ့ ။ ပန်းနုရောင် ကလောင်တံနဲ့ ရေးတဲ့ အခါမှာ အရင်က ကိုင်ခဲ့တဲ့ ကလောင်တံတွေလို စဉ်းစားပြီးရေးဖို့လည်းလိုတယ် အဲဒီအပြင် နှလုံးသားတစ်စုံရဲ့ စေခိုင်းချက်ကိုလည်း အများဆုံး ထည့်စဉ်းစားပြီးရေး ရလိမ့်မယ် ။ တချို့သောသူများက ပန်းနုရောင်ကလောင်တံကို ကိုင်ပြီးရေးတဲ့ အခါမှာ နှလုံးသားတစ်စုံရဲ့ ဆန္ဒကို ဦးစားပေးပြီး ရေးခြယ်ကြတယ် ၊ တချို့သော သူများက ဘာပဲ ပြောပြောအရင်က ကလောင်တံတွေနဲ့ရေးသလို စဉ်းစားပြီး ရေးတဲ့ သူတွေလည်း ရှိတယ်။ ကျွန်တော် အခု ပန်းနုရောင် ကလောင်တံကို ကိုင်ရတော့မယ် ။ ဘယ်လို ရေးရမလဲ ??စာမျက်နှာ နံပါတ် ၁၅၀၀ ကလည်း ပန်းနုရောင် ကလောင်တံနဲ့ ရေးဖို့ တောင်းဆိုနေပြီ။ ပန်းနုရောင် ကလောင်တံနဲ့ စပြီးရေးဖို့ အားပြုလိုက်စဉ်မှာပဲ မရှိမဖြစ်လိုအပ်တဲ့ အရာတစ်ခုကို သတိထားမိလာတယ် ။ ပန်းနုရောင် ကလောင်တံကို ကိုင်ပြီးေ၇းဖို့ မရှိမဖြစ်လို အပ်တဲ့ အရာတစ်ခုရဲ့ နာမည်က "ချစ်သူ" တဲ့ ။ သိတဲ့ သူများရှိရင်ပြောကြပါ စာမျက်နှာနံပါတ် ၁၅၀၀ ပေါ်မှာ ပန်းနုရောင်ကလောင်တံကို ကိုင်ပြီးရေးဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ "ချစ်သူ " ဆိုတာ ဘယ်လိုမျိုးလဲ ဆိုတာ ။

(ဒီပို့စ်လေးက ကိုမောင်ကျန် စာမူပေးဖို့ တောင်းဆိုထားတဲ့ ပို့စ်နှစ်ပုဒ်ထဲက တစ်ပုဒ်ပါ ။ လာရောက်လည်ပတ်သူများ ဖတ်စရာမရှိပဲပြန်သွားရမှာ စိုးလို့တင်ပေးလိုက်ပါတယ်ဗျာ ။ လာရောက်ဖတ်ရူ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။)

ရှေ့ဆက် .. ပျော်ရွှင်ပါစေ

"သူငယ်ချင်း~~~ရှေ့ဆက်မင်းဘ၀ဟာ~~~အမြဲချိုမြိန်ပါစေ~~~အောင်မြင်ပါစေ~~~
တခါတရံမှာ ခါးသီးလည်း ကျော်ဖြတ်လိုက်ပေါ့လေ~~~"

တစ်ယောက်က ဂီတာတီးတယ် ကျန်တဲ့ အယောက်နှစ်ဆယ်လောက်က ၀ိုင်းဝိုင်းရဲ့ ဖြေသိမ့်လိုက်ဆိုတဲ့ သီချင်းလေးကို သံပြိုင်သီဆိုနေကြတယ် ။ အရင်ကတော့ ဒီသီချင်းလေးကို သီချင်းကောင်းတစ်ပုဒ် အဖြစ်နဲ့ပဲ ခံစားလို့ရခဲ့တယ် ။ အဲဒီထက်ပိုပြီးခံစားလို့ မရဘူး ။ ဒီနေ့ ညမှာတော့ ဒီသီချင်းလေးရဲ့ စာသားတွေကို လိုက်ဆိုမိတိုင်း ရင်ထဲမှာ ဆိုက်ကလုံးတစ်ခု ၀င်ဆောင့်သလို ခံစားနေရတယ် ။ တကယ်တော့ ဒီနေ့ညမှာ ကျင်းပတဲ့ ပွဲရဲ့ခေါင်းစဉ် နာမည်က နူတ်ဆက်ပွဲတဲ့ ။ ခေါင်းစဉ်လေးက သိပ်ကိုရိုးပါတယ် ။ အဲဒီခေါင်းစဉ်ရဲ့ နောက်မှာ ခွဲခွာသွားမဲ့ သူနဲ့ ကျန်ရစ်မဲ့ သူတွေရှိတာပေါ့ ။

လူဆိုတာက မွေးလာကတည်းက တစ်ယောက်တည်း ဖြစ်ပေမယ့် လူ့ဘောင်လောကမှာ ရပ်တည်ရှင်သန်ဖို့ဆိုရင်တော့ အပေါင်းအဖော်ဆိုတာ မရှိမဖြစ်လိုအပ်တဲ့ အရာပါပဲ ။ "ငွေတစ်ရာရှိဖို့မလိုဘူး ၊သူငယ်ချင်း တစ်ရာရှိဖို့တော့လိုတယ် "(ရုရှ စကားပုံ) အဲဒီစကားပုံလိုပဲပေါ့ဗျာ ။ ကျွန်တော်တို့တွေလည်း သူငယ်ချင်း ၊မိတ်ဆွေ တွေရှိတယ်။ သူငယ်ချင်းထဲကမှ ဒီညမှာနူတ်ဆက်တဲ့ သူငယ်ချင်းတွေက တော်ရုံအပေါ်ယံခင်တဲ့ သူငယ်ချင်းတွေမဟုတ်ဘူး ။ဆိုးတူကောင်းဖက် တစ်ယောက်နဲ့ တစ်ယောက် ညီအစ်ကိုလို ချစ်ခင်နေတဲ့သူငယ်ချင်းတွေဖြစ်တဲ့ အတွက် တော်တော်ကို စိတ်မကောင်းဖြစ်မိတယ် ။ တစ်ဆက်တည်းမှာပဲ ဆုတောင်းမိတယ် သီချင်းလေးထဲကလို သူငယ်ချင်းတွေရဲ့ရှေ့လျှောက်ရမယ့် ဘ၀ခရီးလမ်းမှာ အမြဲပျော်ရွှင်ပြီး အောင်မြင်နိုင်ပါစေလို့ ဆုတောင်းမိပါတယ် ။ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် အခုတောင်းတဲ့ ဆုလေးတော့ပြည့်စေချင်မိတယ် .။

သီချင်းလေးကို ဆိုအပြီးမှာ ကျွန်တော့်ခံစားမှုတွေကို ထိန်းချုပ်လို့ မရခဲ့ဘူး။ အဲဒါနဲ့ ကော်ရစ်ဒါ ကို တစ်ယောက်တည်းထွက်လာခဲ့မိတ.ယ် ။ တကယ်ပါပဲ မိုးတွေက သည်းကြီးမည်းကြီးရွာလို့ ကျွန်တော့်ရင်ထဲရဲ့ တစ်ဒေါင့် တစ်နေရာမှာ လည်းခံစားချက်မိုးတွေရွာနေပြီ ။ အပြင်က မိုးတွေကအချိန်တန်ရင် တိတ်သွားနိုင်ပေမယ့် ရင်ထဲက မိုးတွေကတော့ သူငယ်ချင်းတွေကို နောက်ပြန်တွေ့ပြီး ပျော်ရွှင်နေတဲ့ မျက်နှာတွေကို မြင်ရမှ တိတ်သွားနိုင်တော့မယ်ဆိုတာကတော့ .......။