ကြည့်ကြ !! ဟောဒါ...
ငါ့ရဲ့ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘ၀ကို.... ပေါ့ပေါ့ပါးပါး ခံယူလိုက်ပုံများ...
မြင်လား !! သူမ တစ်ကိုယ်လုံးတောင်မှ
ပါးပြီးပေါ့နေတဲ့ပုံ။
(အဲဒီသေချင်းဆိုးမလေးက)
မျှော်လင့်ချက်ဆိုတာလည်း အယုံအကြည်မရှိပေဘူး..
နောက်ပြီး ..သူမက
အရူးနဲ့ နတ်ဘုရားတွေကိုလည်း
အတူတူ လို့သဘောထားတက်သေး ..။
အဲဒီသေချင်းဆိုးမလေးပေါ့ ..!!
ဘ၀ ဟာ..
ဝမ်းနူတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ယူဆ...၊
(အဲဒီ သူမ က )
လမ်းမှာ ခဏ ခဏပြုံးပြနေတတ်သူတွေကိုလည်း
အာရုံကြောရောဂါ ရနေတယ်လို့ လှောင်တက်သူ ...
အဲဒီသေချင်းဆိုးမလေးပေါ့ .. !!!!
လောကကြီးရဲ့ အယုအယ ခံဖို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တတ်၊
ကြယ်သရဖူတွေကို
ခြေမနဲ့ ညှပ်ပြီး ကောင်းဆောင်းဘို့ကို
ပျင်းရိတတ်သူ ...
အဲဒီသေချင်းဆိုးမလေးပေါ့ !!!!
ဈေးပေါပေါဆက်ဆံမှုတွေကို ရွံရှာ
မင်္ဂလာ နံနက်ခင်းပါ လို့နူတ်ဆက်ခံရတာကိုမုန်း
ကိုယ့်မျက်လုံး ကိုယ်တံခါးပိတ်ပြီး
နေမြင့်တဲ့ အထိအိပ်တတ်သူ...
အဲဒီသေချင်းဆိုးမလေးပေါ့ !!!
တစ်နေ့ တစ်နေ့ ၂၄ နာရီစောင့်ရတာ စက်ဆုပ်
ထမင်းနှစ်ခါတောင်စားနေရတာကို
အလုပ်ရုပ်တယ်လို့ထင်တဲ့သူ ...။
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင်မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အ၀တ်ပတ်သလို
ဖိုသီ ဖတ်သီနေထိုင်
(သူမ ကိုယ်တိုင်က..)
ဘ၀ ကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရာမှာ
ကျဉ်းကျပ်တယ်လို့ထင်တဲ့သူ။
သူမရဲ့ဘ၀မှာ ..
အချစ်ဆိုတာဘယ်ရှိနိုင်မလဲ !!!
မြို့ထဲကပလပ်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကိုရှောင် ..ရှောင် ပေးရတာ
(သူမဘက်က )လိုအပ်တာ ထက်ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့ မိန်းမ
မျက်နှာပေါ်ဆံပင်တွေဝဲကျ
အဲဒီ ဖရိုဖရဲလေးပေါ့ ...။
(သူမက ခေါင်းဖီးတာကို အလုပ်ပိုလို့ ထင်တယ်)
ကမ္ဘာတွေဆွဲငင်အားရှိမှတော့
ဆံပင်တွေအောက်ကိုကျနေတာ
ဘာမကျေနပ်စရာ ရှိသလဲံ လို့လည်းမေးရဲ့ ။
အဲဒီသေချင်းဆိုးမလေးပေါ့ !!!!
နစ်ရှေး ရဲ့အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့သုတ်ပြီးထိုင်တဲ့သူ ..။
ကျွန်မက ဘယ်သူ့ကိုလက်ဆွဲ နူတ်ဆက်ရမှာလဲ ???
ဒါမှမဟုတ် ဘယ်သူ့ကို အ မြှီးနှံ့ပြရမှာလဲ ????ကဲ ...
သူမက စိတ်အလိုမကျရင်လည်း...
ဆဲ တက်သေးတယ် ....။
အဲဒီသေချင်းဆိုးမလေးပေါ့ ။
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
ပိုလေးတယ်လို့ ယူဆ ....။
တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွတက်သူ
အဲဒီသေချင်းဆိုးမလေးပေါ့ ...
သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ ဘ၀မှာ
ကျွန်မက .. ကိုယ့်ကို ကိုယ်တောင်
သိမ်းမထားချင်တဲ့ ကောင် လို့ပြောခဲ့ ။
တကယ့်သေချင်းဆိုးမလေးပေါ့ ...။
ဟောဒီမှာ မလူပ်မယှက်ခေါက်ခွေ ...
အဲသည်လို နေရုံသက်သက်လည်း နေ နေ လိုက်ပုံက
ဘ၀ကို အ၀တ်ရုပ်တစ်ရုပ် လို ယူဆ
တစ်စုံ တစ်ဦးက သူမကို ပစ်ချခဲ့တဲ့ အတိုင်းပါပဲ ..။
သူမ ကလောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ် ..။
နားလည်ပေးလိုက်ပါ ..လောကကြီးရေ ။
ဘာများအရေးကြီးလို့ လဲဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကိုရိသဲ့သဲ့ ပြုံ့းပြနေတဲ့မိန်းမ ...
သူမကတော့ မတောင်းပန်တတ်တာသေချာတယ် ...
နားသာလည်ပေးလိုက်ပါလောကကြီးရေ
ဒါမှမဟုတ် ..သူမကိုခွင့်လွှတ်ပါ ..။
လောကကြီးရေ ...
ဒါမှမဟုတ်သူမကို ဦးညွတ်ဂုဏ်ပြုပါ ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ ...
ဒါမှ မဟုတ် လောကကြီးရေ ... အဲဒီသေချင်းဆိုးမလေးကို ပစ်သာချထားလိုက်ပါ.။
သူမ ပေါ့ ...
..... ......
နတ်ဆိုးတစ်ပါးလည်းဖြစ် ၊
ကောင်းကင်တမန်လည့်းဖြစ်
(အဲဒီသေချင်းဆိုးမလေး ကိုမှ)
ငါက ....
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိတာပေါ့ကွယ် .....။
ံ
သေချင်းဆိုးမလေး..
မင်းခိုက်စိုးစံ
(အသစ်ရေးဖို့ မရှိသေးတာ နဲ့ မင်းခိုက်စိုးစံရေးထားတဲ့ ကဗျာတစ်ပုဒ်ကို ဝေမျှလိုက်တာပါ။ ဖတ်ပြီးသားကြီးဆိုရင်တော့ဆောတီးပါ ...။)
အညွှန်း... ကဗျာ
Subscribe to:
Post Comments (Atom)
1 ယောက်ကဒီလိုထင်တယ်:
လည်ပင်းးညှစ်သတ်မှာကြောက်တယ်ဗျို့....မင်းခိုက်စိုးစံကိုပြောတာပါ
:P :P :p
Post a Comment