၁၅၀၀ တန်တဲ့ “Not For Sale”

မောဟိုက်နေတဲ့ လူတစ်ယောက်ဟာ ဘာကိုအတောင့်တဆုံးလဲ ? လူတွေဖြစ်တည်လာတာ လူတွေရဲ့ ဘုံရပ်တည်ခံစားချက်က ဘာလဲ ? သိချင်တဲ့စိတ်တွေဆီပြေးလိုက်ရင်း လိုက်ရင်းလိုက်ရင်းဝေးသွားခဲ့တဲ့ လူငယ်တစ်ယောက်မှာရော တခြားသူတွေနဲ့တူတဲ့ ဘုံခံစားချက်ကရော ဘာလဲ ?

မေးခွန်းပေါင်းမြောက်မြားစွာ ကိုတနင့်တပိုးထမ်းပိုးရင်းနဲ့ လောကအလယ်မှာ သိအောင်လုပ်ချင်ခဲ့တဲ့ ကျနော် မေးခွန်းတွေနဲ့တိုင်ပတ်နေတဲ့ တစ်နေ့ကပေါ့ …။

အဲဒီနေ့ကပေါ့ အပြင်မှာထစ်ချုန်းမိုးတွေရွာနေတယ် ။ ကျနော်ဖြတ်သန်းလာခဲ့တဲ့လမ်းတစ်လျှောက်မှာ လူတစ်ချို့ စိတ်အချဉ်ပေါက်ပြီး လမ်းပေါ်မှာဗုံတစ်လုံးနဲ့ ကခုန်နေကြတယ် ။ ကြည့်စမ်းပါဦး ……ရာသီဥတုကိုအံတုပြီး ပျော်ရွှင်နေကြလိုက်တာ ။ဖြတ်သန်းသွားတဲ့ သူတစ်ချို့က ပြောသွားကြတယ် ။

“ရူးသွပ်သူတွေပဲ ဒီလိုလုပ်တာ ။ဒါရူးမိုက်မှုတစ်ခုပဲ ။”

ဒါဆိုကျနော့်ကိုလူတွေဘယ်လိုကင်ပွန်းတပ်ကြမလဲ လမ်းပေါ်မှာ မကပဲ ခံစားချက်တစ်စုံတစ်ခုကြောင့် စိတ်ထဲမှာ ရူးသွပ်သူတစ်ယောက်ပေါ့ ။ အတွေးတွေက ဟိုရောက်သည်ရောက် ယောင်ချာချာ နဲ့ Super Market တစ်ခုကိုရောက်သွားခဲ့တယ် ။ဘာမှဝယ်မယ်စိတ်မကူးပဲ ရောက်ရှိသွားခဲ့တဲ့ ကျနော်ဟိုကြည့် ဒီကြည့်နဲ့ ဈေးအလယ်မှာ ဖွင့်ထားတဲ့ ဒဏ္ဏာရီ ဆန်ဆန်ရှေးဟောင်းအရုပ်ရောင်းတဲ့ ဆိုင်ကို ရောက်ခဲ့တယ် ။

ကြည့်တာနဲ့ တန်ဖိုးရှိမှန်းသိပါတယ် ။ပြီးတော့ Not for sale ! တဲ့ ။ လူဆိုတာ မရတာကို လိုချင်ကြတယ် ။ မရောင်းတာကိုမှ ၀ယ်ချင်မိတဲ့ ကျနော်ဆိုင်ရှင်ဆီမှာ ရောင်းဖို့ အတင်းဇွတ်သွားပြောခဲ့တယ် ။ ဆိုင်ရှင်က ကျနော့်ပုံစံကိုတစ်ချက်ကြည့် ပြီး မဖြစ်နိုင်တဲ့ ဈေးကိုပြောခဲ့တယ် ။ သူပြောတဲ့ ဈေးက ၆၀၀ ။ ကျနော့်မှာရှိတာက ၂၀၀ ။ ကျနော် မတတ်နိုင်ပေမယ့် ဆိုင်ရှင်ကိုကျနော်ပြောခဲ့တယ် ။ ဘယ်သူလာဝယ်ဝယ်မရောင်းပါနဲ့လို့ တော့မပြောဖြစ်ခဲ့ဘူး ။

“Not for sale ဆိုတဲ့ ဆိုင်းဘုတ်လေးကိုတော့ မဖြုတ်ပါနဲ့ဗျာ ။တစ်နေ့နေ့ ကျနော်ဝယ်ဖြစ်အောင်လာဝယ်မှာပါ ။ “

ဒီလိုနဲ့ပဲ ကျနော် လိုချင်တဲ့အရာကိုရဖို့ ကြိုးစားခဲ့တယ် ။ ကြိုးစားခဲ့တာတွေက ဆိုင်ရှင်သတ်မှတ်ထားတဲ့ ဈေးကိုပေးနိုင်ဖို့ ။ စက္ကန့် တံတွေက မိနစ်တွေဆီပြောင်းသွားတယ် ။ မိနစ်တွေကမှ နာရီ ။ နာရီကမှ ရက်တွေဆီပေါ့ ကျနော်ကြိုးစားရင်းနဲ့ လကုန်သွားခဲ့တယ် ။ဒါပေမယ့် ကျနော်လိုချင်တာကိုရဖို့ စိတ်မပျက်ခဲ့ဘူး ။ ကျနော်တန်ဖိုးထားတဲ့ အရုပ်လေးမှာကပ်ထားတဲ့ Not for sale လေးဖြုတ်လိုက်မှာပဲစိုးရိမ်မိတာ ။ အခုတော့ ကျနော့် လက်ထဲမှာ ဆိုင်ရှင်အလိုရှိတဲ့ ၆၀၀ ပြည့်ခဲ့ပြီ ။ ကျနော် အဲဒီဆိုင်ကိုထပ်သွားတယ် ။ ကျနော့်ရင်ထဲမှာ လိုချင်တာကို ရပြီဆိုပြီးအတိုင်းမသိပျော်နေခဲ့တယ် ။ဒါပေမယ့် ကျနော့် အပျော်တွေကြာကြာမခံခဲ့ဘူး ။ဆိုင်ရှင်ရဲ့ စကားတစ်ခွန်းအောက်မှာ ခံစားချက်တွေ ပျောက်ပျက်သွားတော့မလောက်ပါပဲ ။ ဆိုင်ရှင်ပြောတာက

“အခုဈေးတတ်သွားပြီ မင်းလိုချင်တာကိုအရင်ဈေးနဲ့ မရတော့ဘူး ။ ၁၀၀၀ နဲ့မှရောင်းနိုင်မယ် ။မင်းအရမ်းလိုချင်တာကို သိလို့ ဘယ်သူ့ကိုမှတော့ မရောင်းဘူး ။မင်းသတ်မှတ်ထားတဲ့ ပမာဏရရင်လာခဲ့ပါ ။”

လွယ်လွယ်နဲ့ အလျှော့မပေးတတ်ခဲ့တဲ့ ကျနော် သူသတ်မှတ်တဲ့ပမာဏပြည့်အောင် ထပ်ကြိုးစားခဲ့တယ် ။ ဂဂျီ ဂဂျောင်ကျတဲ့ ဆိုင်ပိုင်ရှင်ကြောင့်လဲ သူသတ်မှတ်တဲ့ ပမာဏထက်ပိုပေးပြီး ၀ယ်ဖို့ လတွေ အတော်ကြာအောင် ကြိုးစားရှာဖွေခဲ့တယ် ။ လတွေကနေ နှစ်တွေထိပြောင်းသွားတယ် ။ အဲဒီ လိုချင်တဲ့ အရုပ်လေးပေါ်မှာတော့ တစ်နေ့မှ မေ့မရခဲ့ဘူး ။ နောက်ခံယူချက်တစ်ခုကလည်း စိတ်ထဲကို ၀င်ရောက်လာတယ် ။ အဲဒါက

“လိုချင်တာကို လွယ်လွယ်နဲ့ရရင် ကိုယ်လိုချင်တာကဘယ်တန်ဖိုးရှိတော့မလဲ ။”

ဒီနေ့ကျနော့်စိတ်ထဲမှာ မြူးတူးနေတယ် ။ ရာသီဥတုကလည်း သာယာတယ် ။ ကျနော့်အတွက်လိုချင်တာရဖို့ ဆိုင်ရှင် သတ်မှတ်ထားတဲ့ ပမာဏလဲ ရခဲ့ပြီ ။ စိတ်ထဲမှာအတိုင်းမသိ ကျေနပ်နေတယ် ။ ဒီနေ့တော့ ကျနော့်အတွက် ရက်ရာဇာဖြစ်လာမှာပါ လို့ တွေးထင်နေတယ် ။ ပေါ့ပါးသွက်လက်တဲ့ခြေလှမ်းတွေနဲ့ ကျနော့် အရုပ်ကလေး ရှိရာကို ရောက်ရှိသွားတယ် ။ ကျနော်ဆိုင်ရှင် သတ်မှတ်ထားတဲ့ ပမာဏကို စားပွဲပေါ်တင်လိုက်တယ် ။ သဘောက ကျနော်ရောက်လာပြီ ကျနော်အရမ်းလိုချင်တဲ့ အရုပ်လေး ကို Not for sale ဆိုတဲ့ ဆိုင်းဘုတ်ကလေးကို ဖြုတ်ပြီး ကျနော့်ကိုပေးတော့ပေါ့ ။ ဒါပေမယ့် ဆိုင်ရှင်ဈေးတက်သွားပြီလို့ ထပ်ပြောခဲ့ တယ် ။ကျနော်လည်း အပို ပါလာတဲ့ ၂၀၀ ကို ထပ်ပေးမယ်ပြောတယ် ။ သူက

“ အခုသတ်မှတ်ဈေးက ၁၅၀၀ ။ မောင်ရင်ဘာလုပ်မလဲ ။မင်းရဲ့ နေရပ်ကိုပြန်ပြီးထပ်ရှာဦးမလား ။ ဒီအရုပ်လေးကိုထပ်ပြီး ရူးသွပ်နေဦးမလား ။ ဒီအရုပ်တွေဆိုတာ ပေါပါတယ် မောင်ရင်ထပ်ရှာရင်တွေ့နိုင်မှာပါ ။ “

သူ့စကားရဲ့ အဆုံးမှာ လူတွေရဲ့ လှောင်ရယ်သံတွေ ။ စကားသံတွေ ။နောက် မှန်ဘောင်ထဲမှာ တည်တည်ငြိမ်ငြိမ်နဲ့ တင့်တယ်နေတဲ့ ဗီးနပ်စ် အရုပ်လေး ။သူကလည်း ကျနော့်ကိုလှောင်ရယ်နေသလိုပဲ ။ ဆိုင်ရှင်ပြောသလို တခြားနေရာတွေမှာ ၀ယ်လို့ ရတဲ့ အရာမှန်းကျနော်အစောကြီးကတည်းက သိပြီးသားပါ ။ဒါပေမယ့် ခံစားချက်ရဲ့မှီတည်ရာ ၁၅၀၀ တန်တဲ့ ဒီ ဗီးနပ်စ် အရုပ် ကိုတမ်းတမ်းစွဲ မြတ်နိုးနေမိတဲ့ကျနော် ဘာဆက်လုပ်ရမည်နည်း ? ဗီးနပ်စ် ရဲ့ ရာဇ၀င်ကို မသိခဲ့လို့ စွဲလမ်းခဲ့တာလား ? ဒါမှမဟုတ် ……

ကျနော်လမ်းပေါ်ပြန်ရောက်သွားပြန်ပြီ ။လမ်းဘေးမှာ ဗုံတစ်လုံးနဲ့ ကခုန်နေတဲ့ အဖွဲ့က လည်း ကခုန်နေပြန်ပြီ။ သူတို့ကိုကြည့်ပြီး အတွေးတွေက…………………….။

မသိခြင်းများမှ သေချာသွားသောတစ်ခု


လေပြည် လေညှင်းဆိုတာတစ်ခါမှ မရူဖူးပါဘူး
လေဆိုတာ နူးညံ့လား? ပြင်းထန်သလား ? ဒါမှမဟုတ် ........။

ကျွန်တော်ပေါ့ ... မွေးဖွားလာကတည်းက လေမရူ ဖူးခဲ့တဲ့ကောင် ။ ကိုယ့်ကိုကိုယ်ဘာကောင်လဲလို့ အကြိမ်ကြိမ်မေးမိတယ် ။သဘောမပေါက်ဘူး မသိဘူး ။ ဒါနဲ့သဘောပေါက်တဲ့ ကိုယ့်ကိုကိုယ်ဘာနာမည်လဲဆိုတာကို သိတဲ့ကျွန်တော့်ရဲ့ မိခင်ကိုပြန်မေးမိတယ် ....။ သြော်.... ငါဟာ ကမာကောင်တဲ့..................။

ကျွန်တော်တို့ဟာ တိတ်ဆိတ်ငြိမ်သက်နေတဲ့ ပင်လယ်ပြင်ရဲ့ ဟိုးနက်နက်မှာ ပျော်ရွှင်စွာနဲ့ ကြီးပြင်းလာတယ် ။ တစ်နေ့မှာ ကျွန်တော်နဲ့မတူတဲ့ သူတစ်ယောက်ကို ကျွန်တော်မြင်ခဲ့ရတယ်။ ရေသတ္တ၀ါတွေကိုပဲ မြင်ဖူးတဲ့ ကျွန်တော် သူ့ကိုမြင်လိုက်ရတော့ တော်တော်ကို အံ့အားသင့်သွားခဲ့တယ် ။ သူကလည်း ကျွန်တော့် အနားကိုတိုးကပ်လာပြီး မိတ်ဆွေဖွဲ့တယ် ..။ သူက....
လေနတ်သမီးလေးတဲ့ ။ထူးဆန်းလိုက်ပါပေ့ ချောမောလှပ လွန်းတဲ့အမိရယ် ။

ဒီလိုနဲ့ပဲ သူမနဲ့ကျွန်တော်မိတ်ဆွေတွေဖြစ်ခဲ့ကြတယ် ။ သူမကလည်း ကျွန်တော်နဲ့တွေ့တိုင်း သူ့ပိုင်ဆိုင်တဲ့ လေ တွေကဘယ်လိုဘယ်ပုံရှိတယ် ။ တချို့သတ္တ၀ါတွေကသူ့ထုတ်လွှတ်ပေးလိုက်တဲ့ လေတွေနဲ့ အသက်ရှင်နေရကြောင်း ။ သူမရဲ့ လုပ်ဆောင်ပုံကိုပြောပြတယ် ။ ကျွန်တော်လည်း သူမပြောတဲ့ လေပြေလေညှင်းတွေကို ရူရိုက်ချင်သလို သူမရဲ့ အပြော ၊သူမရဲ့အလှအပတွေကို တပ်မက်မိခဲ့ပြီ..။ တပ်မက်တာ စွဲလန်းတာက အချစ်လို့ခေါ်မလား ၊ သူမကျွန်တော့်ဆီမရောက်လာနိုင်တဲ့နေ့တွေမှာ သူမကိုသတိရတာ အလွမ်းလို့ခေါ်မလား ။ တကယ်တော့ကျွန်တော်ဘာမှ မဝေခွဲမိစဉ်မှာပဲ ကျွန်တော့်ရင်ခွင်ကတော့ သူမ ဆိုတဲ့သတိရလိုက်တာနဲ့ နွေးထွေးလို့နေတတ်ခဲ့ပြီ ။ ဒါတွေသူမ သိပါ့မလား။ပြောပြခွင့်ရော ရှိဦးပါ့မလား ။

သူမနဲ့ကျွန်တော်မိတ်ဆွေဖြစ်ပြီး ရက်အတော်ကြာမှာတော့ သူမ ကိုကျွန်တော်တစ်ခု တောင်းဆိုမိတယ် ။ ဘာလဲဆိုတော့ သူမရှိတဲ့နေရာကို ကျွန်တော်လိုက်ချင်တဲ့ အကြောင်း ။ သူမကလည်း ကျွန်တော့်ကိုသူမနဲ့လိုက်မယ်ဆိုရင် တစ်ခုပြန်တောင်းဆိုတယ် ။သူမက ကျွန်တော်နဲ့မိတ်ဆွေဖွဲ့ခဲ့တာက ကျွန်တော့်ရင်ဘတ်ထဲက ပုလဲဆိုတဲ့ အရာကိုလိုချင်ခဲ့လို့တဲ့။ သူမနဲ့လိုက်ရင် သူမလိုချင်တဲ့ပုလဲကို ထုတ်ပေးရမည် ။ အဲဒီစကားကိုကြားလိုက်ရတော့ ကျွန်တော် တော်တော်တုန်လှုပ်သွားမိတယ် ဒါပေမယ့်သူမကျွန်တော့်ဆီလာမယ့်နေ့ကို စောင့်နေရမယ့်အစား သူမနဲ့အတူလိုက်ပြီး ကျွန်တော်သူမလိုချင်တဲ့ ကျွန်တော့်ရင်ခွင်ထဲက ပုလဲကိုပေးဖို့ ဆုံးဖြတ်ခဲ့တယ်။

အဲဒီနောက် သူမနဲ့ ကျွန်တော်ခရီးဆက်ခဲ့ကြတယ် ။ လမ်းကွေ့တွေတိုင်းက ပျော်ရွှင်စရာကြီးပါပဲ ။ သူမကျွန်တော့်ရင်ကို တချိန်ချိန်မှာခွဲသွားမယ်ဆိုတာ သိပေမယ့် ရင်ကိုမခွဲခင်အချိန်ထိသူမကိုမြင်နေရရင် ကျေနပ်နေတဲ့ ဟောဒီကကောင် ဒီကတော့ အတိုင်းမသိပျော်နေတာပေါ့ ။ ကျွန်တော်ဆုံးဖြတ်ပြီးသားပါ သူမလိုချင်တဲ့ အရာကိုယူပြီးရင် ကျွန်တော်လည်း အသက်ဆက် ရှင်သန်နိုင်တော့မှာ မဟုတ်ပါဘူး ။ ဒါပေမယ့်ပေါ့ ................... ဘယ်ဘက်ရင်ခွင်တခြမ်းကတော့ နွေးထွေးနေပါလိမ့်ဦးမည် ။

"ငါ့ရင်ကိုခွဲ့ပြီး မင်းအလှအတွက် တန်ဆာဆင်မယ့်ကောင်မလေးရေ ငါဘယ်လောက်ထိပျော်ရပါ့မလဲ ။"


လောင်းရိပ်မိတဲ့ ရင်ခွင်


ကိုယ့်သဘော ကိုယ့်ဆန္ဒတစ်ခုနဲ့
ဒီရင်ခွင်ကို စိုက်ပျိုးခဲ့တာပါ
ဘာကြောင့် ဒီရင်ခွင်က
အတိတ်ဆိုတဲ့ လောင်းရိပ်အောက်မှာ
မရှင်သန်နိုင်လောက်အောင်ဖြစ်နေတာလဲ ။

ဒီ...လောင်းရိပ်ကြောင့်
ညိုးနွမ်းနေတဲ့ ရင်ခွင်ကို ဘယ်သူက
ရေလောင်းပေါင်းသင်နေသလဲ ။
ငါကိုယ်တိုင် လား ဒါမှမဟုတ် တခြားသူတစ်ယောက်လား ။


အဖြူ နဲ့ အမည်း တစ်လှည့်စီဖြစ်နေတဲ့
နေ့ နဲ့ ညတွေမှာ ဒီလောင်းရိပ်ကိုတွေ့တိုင်း
ငါဘာကြောင့် ရွံ့ရှာမုန်းတီးနေရတာလဲ .။
တကယ်လို့သာ ဒီလောင်းရိပ်ကို
အတိတ်ကတည်းက ငါဂရုစိုက်မိခဲ့ရင် ... ။


နှလုံးသားတစ်စုံရဲ့ မသိခြင်းများဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်က
စာသားတွေကို ငါကိုယ်တိုင် နားမလည်ခဲ့တာက
လောင်းရိပ်တစ်ခု အောက်ကိုရောက်ဖို့တွန်းအားတွေ
ဖြစ်စေခဲ့တာပေါ့ .။

မိနေတဲ့ လောင်းရိပ်တွေကွယ်ပျောက်သွားတဲ့
တစ်နေ့မှာတော့
ကြယ်စုံ ခမယ့် ညတွေကို ငါမြင်ချင်သေးရဲ့ .....။


မနက်ဖြန်သစ်ပင်



အမြစ်တွေ ရှည်လျားလွန်းလိုက်တာ..
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်။

မျှော်လင့်ချက်တွေကလည်း
သစ်ရွက်တွေလိုပဲ....
တဖွဲဖွဲကြွေ ။
(ဒီက...)
လေပြည် ၊လေညှင်းတိုက်မှာကိုတောင်
ကြောက်နေရတဲ့ကောင်ပေါ့ ။

နေ့ခင်းကြောင်တောင်မှာမှ
အလွမ်းတွေက တောမှောက်ရက်လေတယ်။
(တစ်ဖက်သတ်ပဲ စိမ်းလန်းခွင့်ရတဲ့
ဟောဒီတောအုပ်ထဲမှာ
ငါဘာလို့ ဆက်ရှင်သန်မှာလဲ ?)
လူတွေရဲ့ မျက်ဝန်းကိုက ညှီစော်နံတယ် ။

ထားလိုက်ပါတော့လေ ...
မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာဒီကနေ့ ဖြစ်တော့မယ် ။

နာကျဉ်ခြင်းဆိုတဲ့ အမြစ်တွေနဲ့
မြေကြီးနက်နက်ထဲတွယ်ကုပ်
ဟောဒီမှာ
မျက်ရည်တွေနဲ့ ငုတ်တုတ်ခြောက်ခဲ့ရတဲ့ သစ်ပင်ဟာ
ငါ ပါ ပဲ ...။

သေချာသထက်သေချာချင်လို့
တက်ခဲ့ရတဲ့ လှေခါးထစ်တွေသာများလာတယ်
ကမ်းဝေးသွားတဲ့ လရောင်ကတော့
ရွက်လွှင့်ထွက်သွားလိုက်တာ ...
ပြန်ကိုမလာတော့ဘူး ။

မနက်ဖြန်ဆိုရင်ပဲ
မနက်ဖြန်ဟာ ဒီကနေ့ဖြစ်တော့မယ်
ငါဟာ ဘာသစ်ပင်ပါလိမ့်ကွယ်....။

မင်းခိုက်စိုးစံ

နှစ်သစ်မှာ အလှဆင်သူများ


“သူမ…လား ?” မိုးပေါ်မှာ နေတာပေါ့ ။ဒါပေမယ့် သူမ မိုးပေါ်မှာ ကြာကြာမနေခဲ့ရဘူး ။ သူမကမ္ဘာမြေပေါ်ကို ဆင်းသက်ခဲ့ပြီ ။သူမကမ္ဘာမြေကိုဆင်းသက်တုန်းက ရေစက်တစ်ခုအနေနဲ့ပဲ ခုန်ဆင်းခဲ့တာ ။ သူမရဲ့ဖြတ်သန်းလာရာ လမ်းတစ်လျှောက်မှာ အေးစက်မှုတွေနဲ့ အတူ သူမ ဟာဖြူဆွတ်ဆွတ်နှင်းပွင့် ပုံသဏ္ဍာန်ကို ပြောင်းသွားခဲ့တယ်…။ သူမရဲ့ဖြူစင်မှုတွေက ကမ္ဘာမြေကြီးကို အလှဆင်ဖို့လား ဒါမှမဟုတ် ကမ္ဘာမြေပြင်ထဲက လူသားအားလုံးကို အေးချမ်းဖြူစင်စေချင်လို့လား ဒါမှမဟုတ် ကောင်းမွန်တဲ့ နှစ်သစ်တစ်ခုကို ပို့ဆောင်ပေးချင်တာလား ၊ဒါမှမဟုတ် ကုန်ဆုံးတော့မယ့် နှစ်ဟောင်းတစ်ခုကို နူတ်ဆက်တဲ့ အနေနဲ့လား ဆိုတာကိုတော့ သူမကလွဲပြီးသိနိုင်မည့်သူမရှိနိုင် ။

သူ့ရှေ့မှာ ကျလာတဲ့ နှင်းတွေကြည့်ပြီး နှင်းတွေရဲ့ ဇစ်မြစ်ကို လိုက်စဉ်းစားနေတဲ့ကောင်လေးတစ်ယောက် ။ ဖြူဖွေးနေတဲ့ လမ်းပေါ်မှာ သူလျှောက်ခဲ့တဲ့ ခြေလှမ်းတွေကို နောက်ပြန်လှည့်ကြည့်ဖြစ်ခဲ့တယ် ။ ဖြူဖွေးနေတဲ့ လမ်းပေါ်မှာ သူလျှောက်ခဲ့တဲ့ ခြေရာတွေသူပြန်မြင်တွေ့ခဲ့တယ် ။ သူရဲ့နောက်မှာ ရှိတဲ့ခြေရာတွေက သူ့ကို ပြန်ပြီး ချောက်လှန့်နေတာလား ? ဒါမှမဟုတ် သူလျှောက်ခဲ့တဲ့ ခြေလှမ်းတွေက အရာထင်ခဲ့လို့ သူကျေနပ်ပြီး အားတက်နေခဲ့သလား ? သူပြန်စဉ်းစားတယ် နောက် သူ့ခြေလှမ်းတွေကို မတုန့်ဆိုင်းနေတော့ပဲ ရှေ့ဆက်ကျန်နေသေးတဲ့ သူ့ဦးတည်ရာ အရပ်ကို အရာထင်ဖို့အတွက် ဆက်သွားနေပြီ ။

သူဖြတ်သန်းလာတဲ့ လမ်းတစ်လျှောက်မှာ အေးစက်စက်လေစိမ်းတွေကလည်း တစ်ခါတစ်ခါ ဆီးကြိုနေလေရဲ့ ။ ဒီအေးစက်စက် လေစိမ်းတွေက ကုန်ဆုံးတော့မယ့် နှစ်ဟောင်းတစ်ခု ရဲ့နူတ်ဆက်ခြင်း ဖြစ်တန်ကောင်းပါရဲ့ ။ နောက်…. သူလှမ်းတွေ့လိုက်တဲ့ အရာတစ်ခု ။ အဲဒါက နှစ်သစ်တစ်ခုကိုကြိုဆိုတဲ့ အနေနဲ့ ထင်းရူးပင်တွေကို အလှဆင်ထားတာပဲ ။ ကုန်ဆုံးတော့မယ့် နှစ်ဟောင်း ၂၀၀၈ ကို လွမ်းသလိုလို ၊ ရောက်ရှိလာတော့မယ့် နှစ်သစ်တစ်ခုရဲ့ အချိန်တွေကို လည်းကြိုဆိုမိတယ်။ ကောင်းမွန်တဲ့ နှစ်သစ်တစ်ခုဖြစ်ဖို့ လူသားအားလုံးက ၀မ်းသာအားရနဲ့ ကြိုဆိုနေကြပြီ။ ၂၀၀၈ ကြီးကတော့ သူ့ရဲ့ တာဝန်တွေပြီးဆုံးလို့ နောက်နှစ်သစ်တစ်ခုကို လွှဲပြောင်းပေးဖို့ အဆင်သင့်ဖြစ်နေခဲ့ပြီ…. ။ ဒါပေမယ့် တာဝန်တွေမပြီးဆုံးသေးပဲ ရောက်ရှိလာမယ့် နှစ်သစ်မှာ ပျော်ရွှင်စွာနဲ့ ဆက်လက်ရပ်တည်နေမယ့် သူတစ်ယောက် ။ သူပျော်ရွှင်စွာနဲ့ ဆက်လက် ရပ်တည်ဖို့အတွက် သူ့မှာ ခွန်အားဖြစ်စေနိုင်မယ့် စကားနှစ်ခွန်းရှိတယ်။အဲဒါက …..

“ကြိုးစားထား… သား ” တဲ့ ၊မေမေ့ ရဲ့ အားပေးသံ ။

“ငါနင့်ရဲ့ ပါရမီဖြည့်ဖက်အနေနဲ့ အမြဲရှိနေတယ်နော် တစ်စုံ တစ်ယောက်သောသူရဲ့ စကားသံ ။

(ဒီပို့စ်လေးက နေကြာရိုင်းမှာ ဖော်ပြပြီးသားလေးပါ ။ ကျွန်တော့်ဘလော့မှာ ထပ်တင်လိုက်တယ် )